သီပေါမြို့ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ ဩဂုတ် ၃၁

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဌေးဌေးဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဒီဇင်ဘာမွန်းရေးသား၍ ဝိုင်းမော်ရုပ်ပြပုံသရုပ်ဖော်ထားသည့် “ကလေးများအတွက် မြန်မာစကားပုံများ” စာအုပ်ပါ စကားပုံများနှင့်ရုပ်ပုံများကို ဖတ်ပြရှင်းလင်းခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အသိပညာပေးရုပ်ပြကာတွန်းစာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံစာအုပ်များဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက အသိပညာပေးစာအုပ်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)