ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကင်း သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ်(၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှာရှိသည့် ကလေးအလုပ်သမား​များအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန်၊ ပညာရေးအခွင့်အလမ်းများတိုးတက်ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူမှုအခွင့်အလမ်းများရရှိပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေနိုင်ရန် အမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူ (၂၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)