ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံအရှေ့ ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက သုံးခွရပ်ကွက် ထွန်းတောက်လင်းမူကြိုကျောင်းတွင်  ဆောင်ရွက်ခဲ့သည်။

အဆိုပါကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ပင်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးဇော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများက မူကြိုကျောင်းသား/ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်နိုင်ရန် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ဦးချင်း ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်များ တိုင်းတာခြင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးကာ မှတ်တမ်းကတ်များတွင် ဖြည့်သွင်းပေးခဲ့သည်။

ကျောင်းကျန်းမာရေးရက်သတ္တပတ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း အခြေခံ ထက်/လယ်/မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများအား မြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ရက်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)