ဆိပ်ကြီးခနောင်တို ဩဂုတ် ၃၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ ဆမားဒူးဝါးရပ်ကွက်ရှိ အမှတ်(၁၂) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါ အမှတ်(၁၂) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူကလေးများအား ကျန်းမာရေး အခြေခံ စနစ်တကျ လက်ဆေးနည်း လက်တွေ့ပြသပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသားတစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းအပြင် သန်ချဆေးများ တိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)