ကိုဗစ်ကာလကိုယ်ဝန်ဆောင်တစ်ဦးလျှင် တစ်ကြိမ်သာထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်တွင်လျှောက်ထားနိုင်

မန္တလေး စက်တင်ဘာလ ၁၄

ကိုဗစ်ကာလတွင် ကိုယ်ဝန်ဆောင်တစ်ဦးလျှင် သုံးသောင်းကျပ်အား တစ်ကြိမ်သာထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်တွင် ကိုယ်ဝန်ဆောင်များလျှောက်ထားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ကျပ်သုံး သောင်း ထောက်ပံ့ပေးသွားမည့် ငွေဗိုက်အစီအစဉ်ဖြစ်သည်။

" လက်တလော တိုင်းဒေသကြီးနဲ့ပြည်နယ် ၉ ခုမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုဗစ်-၁၉ ကာလရဲ့ အထူးထောက်ပံ့မှုအနေနဲ့ ငွေဗိုက်အစီစဉ်ဆိုပြီး ကိုယ်ဝန်ဆောင်တစ်ယောက်ကို ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးတာ၊ လက်ကိုင်ဖုန်းကနေ ငွေဗိုက် Application ကို Download လုပ်ပြီးစာရင်းပေးသွင်းနိုင်တယ်၊ နိုင်ငံတော်က ထုတ်ပေးမယ့် အထူးအစီစဉ်တစ်ရပ်ဖြစ်ပြီးတိုက်ရိုက် ထောက်ပံ့တဲ့အစီစဉ်ကို စတင်ကျင့်သုံးတာ လည်း ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်း က ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု၏ လူမှုစီးပွားရေးအပေါ် သက်ရောက်မှုများအား လျော့ပါးသက်သာစေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဒေသများတွင် မပါဝင်သေးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသ)မပါ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများတွင် ကိုဗစ်-၁၉ ကာလအတွင်း တစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

" ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလမှာ အားလုံးက ခက်ခဲကြတယ်၊ အလုပ်မလုပ်ရတဲ့အခါအခက်အခဲဖြစ်တယ်၊ အခုလို ထောက်ပံ့ကြေးလေးရတော့ တစ်ဖက်တစ်လမ်းက အကူအညီတစ်ခုအနေနဲ့ စိတ်ထဲအားရှိပါတယ် " ဟု မန္တလေး၊ မဟာအောင်မြေမြို့ နယ်၊ ၅၁၀ ရှမ်းဝိုင်းတွင်နေထိုင်သော ကိုယ်ဝန်ဆောင်အမျိုးသမီးမခေတ္တာ ဦးက ပြောသည်။

ထိုသို့ထောက်ပံ့ရန် စာရင်းကောက်ယူမှုကို ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၁၅ရက်အထိဖြစ်ပြီး ငွေဗိုက် ( Ngwe Bike) Application ကို Google Play Store နှင့် Apple Store တို့တွင် Download ယူကာ စာရင်းဖြည့်သွင်းနိုင်သည့်အပြင် နီးစပ်ရာ လူမှုညဝန်ထမ်းဦးစီးဌာနရုံးများတွင်လည်း လူကိုယ်တိုင် အထောက်အထားနှင့် တကွ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ထိပ်ထားနိုင်