အလုံ သြဂုတ် ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အလုံမြို့နယ်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံသူ(၁၉)ဦး၊ ပထမအကြိမ်ထိုးနှံသူ(၁၀)ဦး စုစုပေါင်း(၂၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ(၂၈၄၈၀)ဦးနှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ(၂၆၈၅၀)ရှိပြီဖြစ်ကြောင်းသတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)