ပင်းတယ ဩဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကျန်းမာရေး ဆရာ/မ များမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခြင်ကျားကင်းစင်တို့ကျောင်းတော်တစ်ခွင် ဆောင်ပုဒ်နှင့်အညီ ကျောင်းဝန်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် စာသင်ဆောင်ခန်းမ၊ ရုံးခန်း၊ အစည်းအဝေးခန်းမနှင့် ကျောင်းစာကြည့်တိုက် စသည့်အဆောင်များတွင် ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ခွက်၊ ဗူး၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်အနေဖြင့် ခြင်မှတစ်ဆင့် ကူးစက်စေတတ်သည့် ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းသူ/သားများမှ အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)