ဘီးလင်း သြဂုတ် ၃၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အ.ထ.က (ကန်သာယာ) ကျောင်း၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ၂ နာရီက အဆိုပါကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် အ.ထ.က (ကန်သာယာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက လူကုန်ကူးမှု၏အဓိပ္ပါယ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပေါ်ပေါက်လာပုံကိုလည်းကောင်း၊ လူကုန်ကူးခံရမှုဖြစ်ပေါ် စေတဲ့အခြေခံအကြောင်းရင်းများ၊ လူကုန်ကူးမှုကိုဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူနိုင်သည့် ပြစ်ဒဏ်များကို ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် လူကုန်ကူးမှု အသိပညာပေး တစ်ခန်းရပ်ပြဇာတ်ကို ကျောင်းသား၊ ကျောင်းသူလေးများက လက်တွေ့သရုပ်ပြသခဲ့ကြပြီး လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်ဆက်)