ရပ်စောက် ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ အားကစား သရုပ်ပြခြင်းနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ရတနာပုံ)၌ ပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ရတနာပုံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်အားကစားမှူး ဦးမြတ်သူမှ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ဝေ ထားသည့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ရပ်စောက် မြို့နယ်လက်ရွေးစင် မြန်မာ့သိုင်း အားကစားသမားများက မြန်မာ့သိုင်း အားကစားနည်းဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)