ဂွ သြဂုတ် ၃၀
ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယမန်နေ့၊ နေ့လည်ပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအေးမြင့်ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာရုံးများဖြစ်သည့် ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးလုပ်ငန်းများသို့ သွားရောက်ကာ ရုံးဌာနများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ရုံးပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ရုံးဌာနများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါက လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးဘေးလုံခြုံရေးအတွက် ရုံးခြံအတွင်း အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး၊ ရုံးဌာနများတွင် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့် ထားရှိရန်လိုအပ်ကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ ချက်ချင်း သတင်းပေးပို့ကြပါရန် ကွင်းဆင်းစစ်ဆေး အကြံပြုခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်