မော်လမြိုင်မြို့၌  ကျောင်းသားလူငယ်များ စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေး စာသင်ကျောင်းများအရောက် စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေး

မော်လမြိုင် ဩဂုတ် ၃၀

မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် ယနေ့နက်ပိုင်းက အမှတ် ၉ အခြေခံပညာ အထက်တန်းကျောင်းသို့  သုတ ရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးရာ စိတ်ပါ၀င်စားစွာ ဖတ်ရှု လေ့လာခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ သူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရေး စိတ်ဓာတ်ခွန်အားဖြစ်စေသော စာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို   ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များမြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှ စာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)