မြစ်ကြီးနား ဩဂုတ် ၃၀
မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဩဂုတ် ၂၈ ရက်နေ့ နံနက် ၉ နာရီက ဧရာရပ်ကွက်ရှိ အမှတ် (၁) နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က ကျောင်းသား ကျောင်းသူများ အနေဖြင့် စာပေများကို ဖတ်ရှုရန်အတွက် အလေ့အကျင့်ကောင်းများ ရရှိစေရန်သာမက မိမိတို့ဖတ်ရှုသော စာပေအပေါ် အကြောင်းအကျိုး၊ အကောင်းအဆိုးများကို ဝေဖန်သုံးသပ်ပြီး လက်တွေ့ဘဝမှာ အသုံးချတက်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှ စာရေးဆရာ မြင့်စိုး(နတလ) ရေးသားသော ထီးကလေးနှစ်လက် ဟင်းသုံးခွက်နှင့်အခြားစာစုများ၊ အကြီးကိုကို (ကသာ) ရေးသားသော အောင်မြင်မှုပန်းတိုင်အတွက် ဖြတ်သန်းခြင်း အတွေးသီအိုရီ၊ မင်းသန့်(ဒသန) ရေးသားသော ချစ်သမီးလေးချယ်ရီမေ စာအုပ်များမှ ကျရာခေါင်းစဉ် အလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပြီး အဆိုပါ စာဖတ်ဝိုင်းသို့ ကျောင်းသူအင်အား (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)