မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် တွဲဖက်၍ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုးညှင်း ဩဂုတ် ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အခြေခံပညာ အထက်တန်းကျောင်းနှင့် တွဲဖက်၍ စိုက်ပျိုးမွေးမြူးရေး အထက်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရုံးများလုံခြုံမှုဂရုပြုကြရန်၊ ဌာန၏ လေလံအဆောက်အဦလုပ်ငန်းများ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ​ ပြည့်မီနိုင်ရေးအတွက် အရည်အသွေး စစ်ဆေးရေးကော်မတီမှ လိုက်လံကြတ်မတ်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်ရှိနေသေးသူများအား ဆက်လက်ထိုးနှံနိုင်ရေးနှင့် စတုတ္ထအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံသွားကြရန်နှင့် စက်သုံးဆီဆိုင်များကို ခရိုင်/မြို့နယ်များအလိုက် ကြီးကြပ်ရေးကော်မတီမှ လိုက်လံကြတ်မတ်ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက အခြေခံပညာအထက်တန်းကျောင်းနှင့်တွဲဖက်၍ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို အခြေခံပညာ အထက်တန်းကျောင်းများတွင် တွဲဖက်ဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုဖြစ်စေရန်နှင့် နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို သက်ဆိုင်ရာဌာနများမှ အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)