ဟိုပုံး ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပေါင်လင်းကျေးရွာအုပ်စု၊ ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက အားကစားနှင့်ဗလငါးတန်ခေါင်းစဉ်ဖြင့် လူငယ်များကျောင်းပညာရေး အပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားရေး၊ အားလပ်ချိန်များတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိစွာအသုံးချရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာများ၊ အားကစားပညာရပ်များဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်နည်းစနစ်များ၊ အားကစားလေ့ကျင့်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများ၊ အားကစားနှင့်ကျန်းမာရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ကြရန်၊ လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပြန့်နှံ့စေရန်၊ လူကုန်ကူးခံရသူမျာအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ လူကုန်ကူးမှုတွင်ကျူးလွန်ပါကပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရသူများအတွက် သတင်းအချက်အလက်မျှဝေရာစင်တာနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများ၊ လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း စသည့် စာအုပ်စာစောင်ပေါင်း ၁၅၀ ကျော်ကိုငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)