မိုင်းယု ဩဂုတ် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နယ်မြေမီးသတ်တပ်ဖွဲ့မှ ပြည်သူအများ မီးဘေးအန္တရာယ်၊သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များကျရောက်လာပါက အမြန်ဆုံးကူညီဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို အဆိုပါမီးသတ်တပ်ဖွဲ့ဝန်း၌ အပတ်စဉ်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိသည်။
အဆိုပါ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို မြို့မီးသတ်တပ်ဖွဲ့လက်ထောက်ဦးစီးမှူး ဦးစိုင်းအွန်ခမ်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် စည်းကမ်းပြည့်ဝပြီး အမိန့်နာခံတက်စေရန် စစ်ရေးပြလေ့ကျင့်ခြင်းများ၊ ရေစိုလေ့ကျင့်ခန်းလေ့ကျင့်ခြင်း၊ ကြိုးတက်ကြိုးဆင်းလေ့ကျင့်ခြင်း၊ မီးသတ်ပညာစက်ကြီး စက်ကလေးလေ့ကျင့်ခြင်း၊ ရှဉ့်ကူး၊ မျောက်ကူးနှင့် ပက်လပ်ကူးလေ့ကျင့်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် နေလျက်ရှိပြီး ယင်းလေ့ကျင့်မှုသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ စက်ရုံအလုပ်ရုံများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များနှင့်တည်းခိုခန်းများ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ် များကျရောက်လာပါက တပ်ဖွဲ့ဝင်များ အဆင်သင့်ဖြစ်နေကာ အမြန်ဆုံးတက်ညီလက်ညီသွားရောက် ကယ်ဆယ်ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်