သပိတ်ကျင်းမြို့၌ အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အာဟာရကျွေးမွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးမိခင်များအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

သပိတ်ကျင်း သြဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်လှုပ်ရှားမှု နောက်ဆုံးအပတ်အနေဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်က​လေးစောင့်ရှောက်ရေး အသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောခြင်းနှင့် အာဟာရတိုက်ကျွးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာမဒေါ်ခင်ငြိမ်းဌေးတို့မှ သပိတ်ကျင်းမြို့က ဘဲ့ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းသို့ သွားရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးမိခင်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး အာဟာရများကျွေးမွေးကာ အာဟာရဖြစ်စေမည့်အစားအစာများကို လက်ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အာဟာရရက်သတ္တပတ်လှုပ်ရှားမှုများအဖြစ် သြဂုတ်လပထမအပတ်အား မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အဖြစ်လည်းကောင်း၊ ဒုတိယအပတ်အား ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုး​ရေးရက်သတ္တပတ်အဖြစ်လည်းကောင်း၊ တတိယအပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်အဖြစ်လည်းကောင်း စတုတ္ထအပတ်ကို အိုင်အိုဒင်းချို့တဲ့မှုရောဂါများပပျောက်ရေးနှင့် အစာတွင်အာဟာရဖြည့်စွက်ရေးရက်သတ္တပတ်အဖြစ်သတ်မှတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)