သီပေါ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း(သီပေါ မြို့တွင်းအပိုင်း)ကတ္တရာကွန်ကရိလမ်း (AC)ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လမ်းဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပိုးအိအိစိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း (မြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်း (AC)ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လမ်းအရှည်မိုင်(၄.၅)ဖာလုံရှိပြီး အကျယ်(၂၄)ပေဖြစ်ကြောင်း၊ လုပ်ငန်းအားပွင့်လင်းရာသီဖြစ်သည့်အချိန်တွင် ဆောင်ရွက်ရန်လျာထားပြီးခန့်မှန်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ခါနီးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့်အချိန်ကာလ အတွင်း အများပြည်သူများ၊ မော်တော်ယာဉ်များ သွားလာမှုအဆင်ပြေစေရန်နှင့် လမ်းလွှဲမှသွားလာနိုင်ရေးတို့အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့တွင်းလမ်းဆောင်ရွက်မည်ဖြစ်သောကြောင့် ရေမြောင်း၊ သစ်ပင်ကြီးများ၊ ဓာတ်မီးတိုင်များ လွတ်ကင်းမှုရှိ/မရှိနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို သက်ဆိုင်ရာစည်ပင်သာယာရေးဌာန၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများက အသီးသီးဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်ပူးပေါင်းအဖွဲ့တို့မှ အဆိုပါလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာများအားကွင်းဆင်း၍ ကြည့်ရှုကာလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)