မုဒုံ သြဂုတ် ၂၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် နိုင်လှုံကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ ကျောင်းဟောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန်၊ တိုးပွားလာသော အတိုးငွေဖြင့် ကျေးရွာ၏ လိုအပ်ချက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်အတွက် စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရ မည့်စည်းကမ်းချက်များနှင့် ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာသူ/ သားများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် ကိုးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် ရန်ပုံငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (မုဒုံ)