သုံးခွ ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ ဖြစ်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ သုံးခွမြို့အ၀င် မဟာစည်သာသနာ့ရိပ်သာရှေ့နှင့် ရှစ်မျက်နှာဘုရားရှေ့တို့တွင် ယနေ့နံနက် ၉ခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်း ကျဆင်းပပျောက်စေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများမပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား သင်္ကေတလမ်းညွှန်များအား လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍မစီးရန်၊ လမ်းပြောင်းပြန် မစီးရန်၊ ဆိုင်ကယ်နှင့်တစ်ပါတည်း ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်နှင့် ခြေကျင်လျှောက်သူများ လိုက်နာရမည့်အချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
စည်သူလင်း (ပြန်/ဆက်)