မူဆယ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂) ဖွင့်လှစ်

မူဆယ် ဩဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂)ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယရှမ်းပြည်နယ်မီးသတ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းစိုးက “အဆိုပါ သင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဖြစ်ပွားကြုံတွေ့နေရသည့် မီးဘေးအန္တရာယ်နှင့်ဘဘာဝဘေးအန္တရာယ်အပါအဝင် ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များမှာ ကူညီကယ်ဆယ်လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကျကျ ပူးပေါင်းဆောင်ရွက်ကြသည့် အရန်နှင့်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ/လူမှုရေးအသင်း/အဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မှီအခြေခံရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျ၊ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း” ပြောကြားခဲ့ကာ သင်တန်းတွင်  သင်ကြား မည့်ဘာသာရပ်များရှင်းပြခြင်း၊ သင်တန်းကိုလည်း ၂၉.၈.၂၀၂၂ ရက်နေ့မှ ၉.၉.၂၀၂၂ ရက်နေ့ထိ ရက်သတ္တ  ၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ လူမှုရေးအသင်းအဖွဲ့(၂၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦးတို့အပြင် မူဆယ်မြို့မှ အခြားစိတ်ပါဝင် စားသူ (၅) ဦးစုစုပေါင်း သင်တန်းသား (၅၀) ဦး ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး   ရှာဖွေကယ်ဆယ်ရေးဝတ်စုံများကို မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးက ထောက်ပံ့ပေးခြင်းအပြင် သင်တန်းကာလထောက်ပံ့ငွေ(၁၀၀၀၀၀ဝိ/) (ကျပ်တစ်ဆယ်သိန်းတိတိ) ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဦးဟန်ဝင်းဇော်နှင့် မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းစိုးတို့က ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာသော မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူးနှင့်တကွ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများကပြသထားသော ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကာ သင်တန်းနည်းပြများကလည်း လက်တွေ့ သရုပ်ဖော်ပြသခဲ့ကာအခမ်းအနားသို့ စုစုပေါင်းတက်ရောက်သူ(၁၅၀)ဦးရှိကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)