မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းလည်ပတ်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဩဂုတ်၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ပံ့ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက တောင်ရှေ့ကျေးရွာအုပ်စု၊ ကုလားလန်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန်ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တောင်ရှေ့ကျေးရွာအုပ်စု၊ ကုလားလန်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း လည်ပတ်မှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်ရှေ့ကျေးရွာအုပ်စု၊ ကုလားလန်ကျေးရွာတွင် အိမ်ခြေ(၈၇)၊ လူဦးရေ(၁၀၇၇)ဦး နေထိုင်လျက်ရှိပြီး အိမ်ထောင်စု(၈၇)စုအနက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သူ(၁၁၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၃)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁)ဦး၊ စုစုပေါင်း (၁၁၅)ဦးရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)