လားရှိုး ဩဂုတ် ၂၉
ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားနည်းအား အိမ်ရှင်အဖြစ်လက်ခံပေးခြင်းဖြင့် ပြည်သူများမှ ဘတ်စကက်ဘောအားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ အင်အားဖြည့်တင်းနိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပမည့် ၂၀၂၂ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲကို လားရှိုးမြို့၊ လေ့ကျင်းရေးအားကစားရုံတွင် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာယှဉ်ပြိုင်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပပြီးစီးပြီး အမျိုးသမီးအုပ်စုအဆင့် ဘတ်စကက်ဘောပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင် ယှဉ်ပြိုင်သော အမျိုးသားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၁၀၂)မှတ် (၃၄)မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၆၂)မှတ်(၂၄)မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄၄)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၈၃) မှတ် (၇၅)မှတ်ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဩဂုတ်လ(၃၀)ရက်နေ့တွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသမီးအုပ်စုအဆင့်ပတ်လည်ပွဲစဉ်များတွင် အုပ်စု(က)တွင် မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၅၁)မှတ်(၄၈)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၇၂)မှတ်(၄၉)မှတ်ဖြင့်လည်းကောင်း၊ အုပ်စု(ခ)တွင်ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄၀)မှတ်(၂၇)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသား(၁၁)သင်း၊ အမျိုးသမီး(၉)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိနေပြီး ပြိုင်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ လားရှိုးမြို့ လေ့ကျင့်ရေးအားကစားရုံတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)