နမ့်စန်တွင် (GEC)ပညာရေးငွေစုငွေချေး သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နမ့်စန်()ဩဂုတ်၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင်(GEC)ပညာရေးငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိ အသင်းဥက္က ဦးသန်းထွန်း က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဦးစီးအရာရှိ ဦးတင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ လက်ထောက်မြို့နယ်ပညာရေးမှူးများနှင့် အထကကျောင်းအုပ်ကြီးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော အသင်းသားအသင်းသူများ၏ သား/သမီး ၁၃ ဦးတွင်  ဂုဏ်ထူး ၁ ဘာသာဖြင့် အောင်မြင်သူ ကျောင်းသား/ ကျောင်းသူ ၄ ဦးကို ပညာသင်ဆုနှစ်သောင်းခွဲကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ရိုးရိုးအောင်မြင်သူ ၉ ဦးကို ပညာသင်ဆု နှစ်သောင်းကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် ပညာရေးငွေစုငွေချေးသမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက်လာသော အသင်းသားများကို စုစုပေါင်း ငွေကျပ်  ၁၁ သိန်းကျော် တန်ဖိုးရှိ လက်ဆောင် ပစ္စည်းများအား ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၂၅ ဦး၏ စုဆောင်းငွေ အပေါ်အမြတ်ငွေ စုစုပေါင်း ၄၆၀၀၀၀၀ ကျပ်ကိုလည်း စနစ်တကျခွဲဝေ ထုတ်ပေးခဲ့ ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)