‌ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဆွမ်း၊ ဆန်စိမ်းလှူဒါန်းပွဲ အခမ်းအနားကျင်းပ

လောက်ကိုင် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဝါဆိုဝါကပ် တော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများကို ဝါတွင်းကာလအတွင်း ဆွမ်း၊ ကွမ်းများပြည့်စုံစွာဖြင့် သီတင်းသုံးနိုင်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလဖြစ်သော တနင်္ဂနွေနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းပွဲကို အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မန်ချူးတပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် စုပေါင်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ သာသနဓဇ ဓမ္မာစရိယ သာသနတက္ကသီလ ဓမ္မာစရိယ(BA) ဘဒ္ဒန္တဝေပုလ္လ မဟာထေရ်မြတ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊သာမဏေ ၂၅၀ ပါးနှင့် သီလရှင် ၃၉ ပါး၊ စုစုပေါင်း ၂၈၉ ပါးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဒေသ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်၊ ဆွမ်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်းလောင်းလှူကြရာ သံဃာတစ်ပါးလျှင် ဝတ္ထုငွေ ၁၀၁ ယွမ်၊ မြန်မာငွေ ၁၀၀၀/-ကျပ်နှင့် လှူဖွယ်ပစ္စည်းများတန်ဖိုး ၁၄၃ ယွမ်ခန့်လှူဒါန်းရရှိခဲ့ကြောင်းနှင့် စုစုပေါင်းတန်ဖိုး ၇၀၅၁၆ ယွမ်နှင့် ငွေကျပ် ၂၈၉၀၀၀/- အားလှူဒါန်းပေးခဲ့ကြပါကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

စန္ဒာ