တောင်သာမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစီစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

တောင်သာ ဩဂုတ်၂၈         

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တိုသင်တန်းကို ယနေ့နံနက် (၉:၃၀)အချိန်က တောင်သာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ၌ တောင်သာမြို့ မြို့နယ်လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဌာနစိတ် မြင်းခြံခရိုင်မှ ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရက မြင်းခြံခရိုင်မှ  ရဲအုပ်ကျော်ဆန်းအားအမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ရပ်ရွာအခြေပြုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း(၃/၂၀၂၂) မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှဖွဲ့စည်းထားသော လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဌာနစိတ် မြင်းခြံခရိုင်မှ  ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ(၁)ရေးသွင်းနည်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်ဆောင်ရွက်ရမည့်အချက်များအပြင် အသစ်ပြင်ဆင်ထားသော လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေကိုလည်း ချပြဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ယင်းရပ်ရွာအခြေပြုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း(၃/၂၀၂၂)သို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး စိစစ်ဖော်ထုတ်ရေးအဖွဲ့မှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ(၂၈)ရက်နေ့နှင့်ဩဂုတ်လ(၁၉)ရက်  (၂)ရက်တာ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ  သင်ကြားမှာဖြစ်ကြောင်းနှင့် ယင်းသင်တန်းဖွင့်ပွဲသို့ မြို့နယ် လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရ၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဌာန စိတ်မြင်းခြံခရိုင်မှရဲအုပ်ကျော်ဆန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)