ပုသိမ်ကြီး သြဂုတ် ၂၈
မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း(၂၄)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု (၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံကိုယ်စားပြု အားကစားသမားများတွင် ပါ၀င်သည့် အောင်ပွဲရပုသိမ်ကြီးမြို့နယ်" Forever Young TKG Club "အဖွဲ့မှ ဆုရကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ၂၈.၈.၂၀၂၂ ရက်နေ့မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ပုသိမ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါပြုံးသန်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ကြီးမြို့နယ်"Forever Young TKG Club"အဖွဲ့မှသင်တန်းသား/ သူများက တိုက်ကွမ်ဒိုကကွက်များနှင့် သရုပ်ပြသဖျော်ဖြေခြင်းများဆောင်ရွက်ကာ၊ မန္တလေးခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ် ဆရာမ ဒေါ်အေးအေးအောင်နှင့် ပုသိမ်ကြီးမြို့နယ် "Forever Young TKG Club "အဖွဲ့မှ သင်တန်းသား/သူများက MFD သီချင်းဖြင့် သရုပ်ပြသတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲအသီးသီးတွင်ဆုရရှိကြသည့် ပုသိမ်ကြီးမြို့နယ် "Forever Young TKG Club"အဖွဲ့မှ ရွှေတံဆိပ်ဆုများရရှိသည့် ကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိုးကြည်သောင်းက ရွှေတံဆိပ်ဆုများအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပြုံးသန်းခိုင်မှ ငွေတံဆိပ်ဆုများအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းမှ ကြေးတံဆိပ်ဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး "Forever Young TKG Club" ၏ အဖွဲ့အမှူဆောင် ဦးမျိုးမောင်မောင်လှိုင်က ယခုလိုဆုများရရှိအောင် ကြိုးစားခဲ့ကြသော အားကစားမောင်မယ်များအား ဝမ်းမြောက်ဂုဏ်ယူစကား ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မိမိနိုင်ငံကိုယ်စားပြုကစားသမားများမှ ရွှေတံဆိပ်ဆု (၁၁၁) ဆု၊ ငွေတံဆိပ်ဆု (၅၉)ဆုနှင့် ကြေးတံဆိပ်ဆု(၄၁)ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)