ဟိုမိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးထိခိုက်စေမှု လျော့နည်းရေး စီမံကိန်း တစ်ခုအဖြစ် ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက် အခဲများကို ကုစား ပေးနိုင်ရန် အတွက် Cash For Work စီမံကိန်းဖြင့် မယ်အောကျေးရွာနှင့် ခုံလုံကျေးရွာ တို့၌ ကျေးရွာ ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ Cash For Work စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ခန့်ဖြင့် မယ်အောကျေးရွာ အုပ်စုမယ်အောကျေးရွာ၌ ကျေးရွာတွင်းကျောက်ချောလမ်း အရှည်ပေ (၄၀၀၀)အား သဲခင်း ခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ခုံလုံကျေးရွာ အုပ်စု ခုံလုံကျေးရွာ ၌ ကျေးရွာ အဝင်လမ်းနှင့် ကျေးရွာတွင်းကျောက်ချောလမ်း အရှည်ပေ (၆၀၀၀)အား သဲခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းအား ကျေးရွာ ပြည်သူလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းများ ရေရှည် တည်တံ့ ကောင်းမွန်စေရေး အတွက် ကျေးရွာစီမံကိန်းကော်မတီဝင်များမှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ရဲနောင်(ဟိုမိန်း)