မိုင်းယောင်း သြဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ နမ့်ယောင်း ချောင်းကမ်းပါးဝန်းကျင် ကျေးရွာအများစုသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကထား လုပ်ကိုင်နေလျက်ရှိရာ ဥယျာဉ်ခြံလုပ်ငန်း၊ ပန်းမျိုးစုံစိုက်ပျိုးခြင်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
အဟာဓာတ်လည်းရရှိကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဆေးဖက်ဝင်သည့် ဆနွင်းပင်များကို စိုက်ခင်း၊ နေအိမ်ခြံများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အပွင့်ဖူးပွင့်ချိန်တွင် ခြောက်ပွင့်ပါ တစ်စည်းလျှင် ကျပ် ၁၀၀၀ ရောင်းရသဖြင့် မိသားစုဝင်ငွေကို အထောက်အပံ့ ရလျက်ရှိ ကြောင်း၊ ဆနွင်းပွင့်ကို ရေနွေးပူပူနှင့်လောင်းချပြီး နူးလာလျှင် ကြက်သွန်နီ/ဖြူ၊ ချင်း၊ ငရုတ်သီးများ ထောင်းထည့်ပြီး ကြော်/ကင်စားနိုင်သည့်အပြင် မိမိကြိုက်နှစ်သက်ရာ အရသာရှိစွာ အမျိုးမျိုးပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။
ဒေသခံတောင်သူလယ်သမားအများစုသည် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ မိုးစပါးတို့ကို အဓိကထားစိုက်ပျိုးကြပြီး ဥယျာဉ်ခြံသီးနှံအဖြစ် သရက်၊ ကျွဲကော၊ ထောပတ်တို့ကို စိုက်ပျိုးကြရာ ယခုအခါ မိသားစုဝင်ငွေတိုးစေသည့် ဆနွင်းပင်စိုက်ပျိုးခြင်းလည်း လုပ်ကိုင်လာလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း