ကျောက်ပန်းတောင်း ဩဂုတ်၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်(၇၀)မြောက် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် တောင်ကလပ်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၊ ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကလပ် အောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် တောင်ကလပ်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှစ်(၇၀)ပြည့် ဘိုးတော် အောင်မင်းခေါင်းထွက်ပွဲကြီး အောင်မြင်စွာကျင်းပသွားနိုင်ရေး အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းက လုံခြုံရေးဆိုင်ရာကြိုတင် ပြင်ဆင် ဆောင်ရွက်ထားသင့်သည်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိသူများက ယခင်နှစ်အတွေ့အကြုံမျးနှင့်ယှဉ်၍ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကဆွေးနွေးတင် ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကြီးကို နှစ်စဉ် တောသလင်းလပြည့်ကျော်(၂)ရက်နေ့တွင် ကျင်ပလေ့ရှိပြီး၊ ဘိုးတော်အောင်မြင်းခေါင်အား ယုံကြည်ကိုးကွယ်သူများက တော်သလင်း လဆန်း(၁၁/၁၂)ရက်မှ စတင်၍ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြပြီး၊ အဓိဌာန်ပွဲတင်ခြင်း၊ နတ်ပွဲများပေးခြင်း၊ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများကို မိမိတို့ အာယုံကျသလို ဆောင်ရွက်လေ့ရှိကြပြီး၊ တော်သလင်းလပြည့် ကျော်(၂)ရက်နေ့ ညနေပိုင်းတွင်း ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲကို အတီးအမှုတ်များဖြင့် အောင်မြင်စွာ ကျင်းပကြကြောင်း သိရသည်။ ယခုနှစ်ကျင်း ပမည့်ပွဲနှင့်ပတ်သက်၍ “ကျွန်တော်တို့ဘက်ကတော့ လိုအပ်တာတွေ လုံခြုံရေး၊ ကျန်းမာရေး၊ တည်းခိုနေထိုင်ရေး အားလုံး ပြင်ဆင်ထားပါပြီ၊ ဒီနှစ် နှစ်(၇၀)ပြည့် အဘထွက်ပွဲအတွက် အားလုံးကို စီမံချက်ရေးဆွဲ ပြင်ဆင်ဆောင်ရွက်ထားပါတယ်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျ” ဟု တောင်ကလပ်ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့်ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ တောင်ကလက်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဒေသခံကျေးရွာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)