တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်း ဆောင်ရွက်

ရန်ကုန် စက်တင်ဘာလ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညပိုင်းအချိန်က အမှတ်(၉)ရပ်ကွက်ရှိ လမ်းမကြီးများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုပိုးသတ်ဆေးဖြန်းခြင်းကို အမှတ်(၉)ရပ်ကွက်ရှိ သူရလမ်း၊ ဇာနည်လမ်း၊ ကျော်သူလမ်းမကြီးများ တစ်လျှောက်နှင့် အတွင်းလမ်းသွယ်များပါမကျန် ဆေးများ ပတ်ဖြန်းပေးခဲ့ကြသည်။ အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းအား အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မျှဝေခံစားတွဲလက်များ ပရဟိတအသင်းနှင့် ရပ်ကွက်သူ/ရပ်ကွက်သားများ ပူးပေါင်း၍ ရပ်ကွက်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် အမှတ်(၉)ရပ်ကွက်ရှိ ရပ်မိရပ်ဖများမှလည်း လာရောက်ကူညီ ဆေးဖြန်းပေးသော မျှဝေခံစားတွဲလက်များ ပရဟိတအသင်းသို့ ကျေးဇူးတင်စကား ပြောကြားပြီး ပရဟိတအသင်းအား အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)