တောင်သာ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တောင်သာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပါဆယ်စနစ်ဖြင့် ရောင်းချရန် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထိန်လင်းတို့က မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ ထမင်းဆိုင်များ၊ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ခေါက်ဆွဲဆိုင်များတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စားရောင်းချခြင်းအား စက်တင်ဘာလ(၁၃)ရက်နေ့မှစ၍ ယာယီ ပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်များအရောက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကွင်းဆင်းအသိပေး လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)