နေပြည်တော် ဩဂုတ် ၂၇
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့ကြသည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ လည်းကောင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လည်းကောင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌခွန်သူရိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပြည်လည်ထွက်ခွာသွားကြသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်လေဆိပ်မှ လည်းကောင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ Horizon Lake View Resort မှလည်းကောင်း ယနေ့နံနက်ပိုင်းတွင် အသီးသီး နေပြည်တော်မှ ပြည်လည်ထွက်ခွာသွားကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား/ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန် ဖြစ်သည်။ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့်စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)