တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တောင်ဥက္ကလာပ ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင် ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊  အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေး ဌာန၊  မြို့နယ်စည်ပင်ယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များ ပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ကျောင်းဝင်း အတွင်း/အပြင်နှင့် စာသင်ဆောင်များအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)