ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     သြဂုတ် ၂၇

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်နယ်မိသားစုများစုပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(မန်ခိန်)နှင့် ခေမာသီရပ်ကွက်ရှိ ခေမာသီဝံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များက ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်များမှ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းနှင့် ကျောင်းပြင်တို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေဝတ်သည့်နေရာများ မြေဖို့ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နံနက်စာမုန့်နှင့် ရေသန့်ဘူးများကို ဖြန့်ဝေ ပေးအပ်ခဲ့ကြသည်။

အလားတူ ခေမာသီရိရပ်ကွက်အတွင်းရှိ ခေမာသီဝံကျောင်းတိုက်အတွင်း ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုဖွဲ့၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)