မတ္တရာ ဩဂုတ် ၂၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံ လူတန်းစားများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် လှူရှင်များမှ ဆန်များ အခမဲ့ဖြန့်ဝေခြင်းကို မတ္တရာမြို့မဈေး တောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ ရောင်းချ၊ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားသုံးဆီရောင်းချခြင်းနှင့် ဆန်များအခမဲ့ပေးဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာ၊ ဆီလုပ်ငန်းရှင်ကြီးများမှ ဆန်အလှူရှင်များမှ ကြီးကြပ်၍ တစ်ပိဿာလျှင်(၅၅၀၀)ကျပ် နှုန်းဖြင့် လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်း စုစုပေါင်း (၂၂၀၀) ဦးအား ၁၁၀၀ပိဿာ ရောင်းချပေးခဲ့ပြီး၊ လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ၁၅၀၀ ဦးအား အခမဲ့ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လအတွင်းကလည်း ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်ဖြစ်သော စားသုံးဆီ ပိဿာ (၁၁၀၀) ကို တစ်ပိဿာလျှင် ၆၂၀၀ ကျပ်ဖြင့် ရောင်းချ ပေးနိုင်ခဲ့ပြီး ယနေ့ ရောင်းချခြင်းသည် ဒုတိယအကြိမ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)