မြစ်ကြီးနား သြဂုတ် ၂၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် က ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ က တရားရုံးများတွင် လက်ခံ စစ်ဆေးလျက်ရှိသော အမှုများကို ကြန့်ကြားမှုမရှိစေရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့် မြန်မြန်ပြီးပြတ်အောင်စစ်ဆေး ဆောင်ရွက်ကြရေး၊ သက်သေများကို စစ်ဆေးရာတွင်လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ လိုက်နာ၍ စစ်ဆေးကြရေး၊ မှုခင်းများကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကာ အမှုများ စစ်ဆေးဆုံးဖြတ်သွားရေး ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်ပြုံးပြုံးအေးနှင့် ဦးတူးမော်တို့က တရားစီရင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြောကြားကြပြီး ပြည်နယ်တရားဦးစီးမှူး ဦးခင်မောင်မြင့် က တရားရုံးများ စီမံခန့်ခွဲရေးကိစ္စရပ်များကို ရှင်းလင်းဆွေး နွေးခဲ့ကြသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ၊ တရားသူကြီးများက ရုံးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်တရားရေးဦးစီးမှူး က ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)