မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုနားကျေးရွာရှိ ကွန်ကရစ်တံတားပျက်စီး

မိုင်းဆတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဩဂုတ်လ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း ဟိုနားကျေးရွာရှိ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် (၁၉၉၈)ခုနှစ်က တည်ဆောက်ခဲ့ပြီးအလျား (၄၀)ပေ၊ အကျယ်(၂၄)ပေ၊ တံတားခံနိုင်ဝန် တန်(၃၀) ရှိကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မိုင်းခုတ်ဘက်ခြမ်းရှိ ကမ်းကပ်ခုံနိမ့်၍ပြိုကျပျက်စီးသွားခြင်းဖြစ်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း(၂၅၀)ခန့်ရှိကြောင်းသိရသည်။

ကွန်ကရစ်တံတားပျက်စီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦး၊ မြို့နယ်လမ်းဦးစီးမှူး ဦးကြင်မောင်စန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိဦးအောင်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် ယာယီဘေလီတံတားတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှသိရသည်။

မြင့်မောင်(ပြန်/ဆက်)