မုဒုံမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁ - ၂၀၂၂ ပညာသင် နှစ် တက္ကသိုလ်ဝင်တန်းအောင်များအား ပညာရည်ချွန်ဆုချီးမြှင့်

မုဒုံ     သြဂုတ်    ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား  ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  ကျောင်းသား  ကျောင်းသူများမှ  ဂုဏ်ပြုသီချင်းသီဆို၍  အခမ်းအနားကို စတင် ဖွင့်လှစ်ပေးခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းမှ နိုင်ငံတော်အစိုးရက နိုင်ငံအဝှမ်း ပညာရည်တိုးတက်မြင့်မားစေရန် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသလို ကျောင်းနေအရွယ် ကလေးများအားလုံးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဥပဓိရုပ်ကောင်းသည့် စာသင်ကျောင်းများအဖြစ်ပေါ်ထွန်းလာစေရန် နိုင်ငံတော်နှင့် ပြည်သူ လက်တွဲ၍ တည်ဆောက်ပေးနေကြောင်း၊ လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ပညာရေးကဏ္ဍသည် အောင်မြင်မှုထိပ်ဆုံးတွင် မားမားမတ်မတ် တည်တံ့သကဲ့သို့ မုဒုံမြို့နယ်၏ တက္ကသိုလ်ဝင်အောင်ချက်ရာခိုင် နှုန်းသည်လည်း ပြည်နယ်၏ ထိပ်ဆုံးတွင် နှစ်စဥ်အခိုင်အမာ ရပ်တည်လျက်ရှိကြောင်းနှင့် အရည်အသွေးမြင့်မားသော မျိုးဆက်သစ်လူငယ်များကို မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီး ပညာရေးစနစ်သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် တာဝန်ရှိပညာရေးဝန်ထမ်းများမှ မိဘများနှင့် ပူးပေါင်းပြီး ညီညီညွတ်ညွတ်ဝိုင်းဝန်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးကြပါရန်တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လာမည့်ပညာ သင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း ဆက်လက်တိုးတက်မြင့်မားစေရေး၊ ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စာသင်ကျောင်းဖြစ်အောင် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများအားတာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ (၆)ဘာသာ ဂုဏ်ထူးရှင် ၂ ဦး ၊ (၅)ဘာသာဂုဏ်ထူးရှင် ၁  ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင်  ၆  ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် ၆  ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၆ ဦးရှိပြီး အောင်ချက် ၆၈ ဒသမ၆၇ ရာခိုင်နှုန်းဖြင့် ပြည်နယ်အဆင့်  ဒုတိယ၊ မြို့နယ်အဆင့် ပထမရရှိခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)