အမ်း ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစား ခန်းမတွင် ဩဂုတ်လ ၂၇ ရက် နံနက်(၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို သဘာဝဘေအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ အရေးပေါ် ရှာဖွေကယ်ဆယ်မှုများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က မြို့နယ်အတွင်း ဖြစ်ပေါ်တတ်သည့် ဘေး အန္တရာယ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြေကြားခဲ့သည်။ ဆက်လက်၍ အမ်းမြို့နယ် မီးသတ်စခန်းရှိ သဘာဝဘေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များက ဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ မှ ၂၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြစ်ပွားတတ်သည့် သဘာဝဘေး အန္တရာယ်များအကြောင်း၊ ကြိုတင် ဆောင်ရွက်ရမည့် အစီအမံများ၊ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများ အသုံးဝင်ပုံ၊ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ၊ မီးဘေး၊ ရေကြီးရေလျှံမှု၊ ရေဘေးကူ ညီကယ်ဆယ်ရေးလုပ်ငန်း၊ ငလျှင်ဘေး၊ အခြားသဘာဝဘေးများနှင့် ပတ်သက်၍ လုပ်ငန်းများအား ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း