စစ်တွေ ဩဂုတ် ၂၇
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီး၌ ပြုလုပ်ကြသည်။
ရှေးဦးစွာ သွေးလှူဒါန်းကြမည့် ရဲတပ်ဖွဲ့ဝင်များအား ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး သက်လွင်နှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များအားလှည့်လည် နှုတ်ဆက်အားပေးစကားများ ပြောကြားကြကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။
သွေးလှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးတို့မှ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တပ်ရင်း၊ တပ်ဖွဲ့၊ စခန်းနှင့် ရဲကင်းများမှ ရဲတပ်ဖွဲ့ဝင် ၁၁၅ ဦးတို့မှ သွေးအမျိုးအစားမျိုးစုံကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)