လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ၊ထိန်းချုပ်နိုင်စေရန် အတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြန်လည်လျော်ဖွပ် အသုံးပြုနိုင်သည့် အဝတ်ဖြင့် ချုပ်လုပ် ထားသော လူကြီးနှာခေါင်းစည်း Mask အခု (၅၀၀၀၀)နှင့် ကလေးနှာခေါင်းစည်း (၅၀၀၀၀)စုစုပေါင်း အခု(၁၀၀၀၀၀)အား ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှလှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လာရောက်လှူဒါန်းသည့် လူကြီးဝတ်နှာခေါင်းစည်း (၂၀၀၀)ခုနှင့် ကလေးဝတ်နှာခေါင်းစည်း (၁၀၀၀)ခုတို့အား လှိုင်သာယာမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ အသုံးပြုရန်အတွက် နှင့် မြို့နယ် Quaratine Centre တွင်အသုံးပြုရန်အတွက် လူကြီးဝတ်နှာခေါင်းစည်း (၄၀၀)ခုနှင့် ကလေးဝတ်နှာခေါင်းစည်း (၁၀၀)ခု တို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊မြို့နယ်စည်ပင် EO ဦးသိန်းလွင်နှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်တို့က ပြန်လည်လှူဒါန်းပေးအပ်ခဲ့သည်။
မြသန္တာဝင်း(ပြန်/ဆက်)