လင်းခေးခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပ

လင်းခေး ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာဖတ်စွမ်းရည်နှင့် မှတ်ဉာဏ်စွမ်းရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းပြုံးရီက စာဖတ် စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲ ဆက်လက်ကျင်းပရာ  ကျောင်းသား/သူ (၂၂)ဦးက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းမြင့်နှင့် တာဝန်ရှိသူများတို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က စာဖတ်ရှိန်မြင့်တင်ရေးအကြောင်း ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ဆက်လက် ကျင်းပခဲ့သည်။
ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသူ/သားများသည် စာကြည့်တိုက်ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် စာအုပ်စာစောင်များ၊  မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လင်းခေး(ပြန်/ဆက်)