ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာမူလတန်းလွန်(စံပြ)ကျောင်းတွင်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

မောင်တော    ဩဂုတ် ၂၇

 ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(စံပြ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန်တိုင်းဘေး ၊ ရေကြီးမှု ၊ မိုးကြိုး အန္တရာယ်များ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ဗဟု သုတများအား ဟောပြောပြီး မြို့နယ် မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်က  သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေမှု အခြေအနေများ၊  မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေး ထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များအား ပြောကြားကာ  အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသအခြေအနေအား ပြည်သူ့များထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တ ရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ ၊ ကြိုး ချည်နည်းစနစ်များ ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ် ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်း သား/သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)