ဗလငါးတန်နှင့်ပြည့်စုံ၍ မျိုးချစ်စိတ် ရှင်သန်ထက်မြတ်စေရန်၊ အတွေးအခေါ်များ မှန်ကန်လာစေရန် လူငယ်စကားဝိုင်းကျင်းပ

နေပြည်တော် သြဂုတ် ၂၇

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌  ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးမှာ လူငယ်ရေးရာ ကိစ္စရပ်များကို အရှိန်အဟုန်မပျက် ပိုမိုဆောင်ရွက်နိုင်စေရန်၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပြီး အနာဂတ်နိုင်ငံတော် ပုံဖော်ထုဆစ်ကြမည့်သူများ၊ ဗလငါးတန်နှင့် ပြည့်စုံသည့် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရန်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန်နှင့် အတွေးအခေါ်များ မှန်ကန်လာစေရန် ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးသူများ အဖြစ် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဥပဒေအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Grade-11 မှ ကျောင်းသား/သူများဖြစ်သည့်  မောင်ဟိန်းထက်သန့်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေယံလင်းက လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသီရိသူက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်လျှံမိုးထက်ကျော်က လူငယ်နှင့်စာရိတ္တ/ကြီးပွားရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမေကဗျာအောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ၃၀၀ ဦးတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)