စဉ့်ကိုင် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက မုန်ပင်ကျေးရွာအတွင်းရှိ ရွာဦးဘုန်ကြီးကျောင်း ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ချက်ခြင်းညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းလွင်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စများ၊ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် လျှပ်စစ်ဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန အစရှိသည့်ဌာနများမှ တာ၀န်ရှိသူများကလည်း ကျေးရွာအတွက် မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြရာ ကျေးရွာပြည်သူများက မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ လိုအပ်လျက်ရှိကြောင်း၊ လယ်ယာမြေများတွင် ရေလိုအပ်မှု အခြေအနေ၊ လျှပ်စစ်မီတာကြွေးကျန်ကိစ္စများကို တင်ပြကြရာတာ၀န်ရှိသူများက အသီးသီးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား လျှပ်စစ်၊ ရေအရင်းအမြစ်၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးနှင့် မီးသတ်တပ်ဖွဲ့တို့က မိမိတို့ဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးလက်ဒေသနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာများ၊ မုန်ပင်ကျေးရွာပြည်သူများ စုစုပေါင်း (၂၂၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင်)