မြင်းခြံ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြင်းခြံခရိုင် ပညာရေးမှူးဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်အေးဖြိုးအောင်က “လူယ်နှင့်ခေါင်းဆောင်မှု” အကြောင်းအရာအပါအဝင် ကျောင်းသား/သူလူငယ်များ အားကစားပြုလုပ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုလည်း ဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြင်းခြံခရိုင်နှင့် မြို့နယ်အားကစား ကာယနည်းပညာဦးစီးဌာနမှ (Exercise is Medicine) “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် (Fitness Dance) အကဖြင့် သရုပ်ပြသခဲ့ကြသည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဒေါ်အေးဖြိုးအောင်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)