ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့ တက်‌ရောက်အားပေး

မြစ်ကြီးနား သြဂုတ် ၂၆

ကချင်ပြည်နယ် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှု များအား သတ်မှတ်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လာပြီး၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများလည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေရန် အထောက် အကူပြုမှာဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအားဖြည့် ဆောင်ရွက်ကြရေး၊ အာဟာရစောင့်ရှောင်ရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်သည့် နေရာတွင် အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည့်အတွက် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လှုပ်ရှားမှု Video Clip ကို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြကာ အသက်(၅)နှစ်အောက် ကလေးငယ် များကို ဗီတာမင် A နှစ်သိန်းအားနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရကြွယ်ဝသည့် စားသောက်ဖွယ် ရာများ လိုက်လံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)