တောင်သာမြို့တွင် အခြေခံလူတန်းစားများစားသုံးဆီဖူလုံစေရေး ဆီကုန်သည်ကြီးများအသင်းမှ ဈေးနှုန်းချိုသာစွာဖြင့်ဆက်လက်ရောင်းချပေး

တောင်သာ ဩဂုတ် ၂၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် အမှတ်(၆)ရပ်ကွက် ဦးအာလောကလမ်းဘေး၌ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ထူး၊ တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းတို့မှ ကြီးကြပ်လျက်ရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ စားအုန်းဆီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  တောင်သာမြို့ဆီကုန်သည်ကြီးများအသင်းမှ သိရသည်။    

ကျော်မျိုးနိုင်(တောင်သာ)