မန်ကန်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေးခြင်းနှင့် ကျောင်းနေရွယ်ကလေးများအား သန်ချဆေးတိုက်ကျွေး

မန်ကန် ‌ဩဂုတ်လ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေးခြင်းနှင့် ကျောင်းနေရွယ်ကလေးများ သန်ချဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မန်ကန်မြို့အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိနေသေးသော အသက်(၅)နှစ်နှင့် (၁၅)နှစ်ကြား စုစုပေါင်း(၁၀၅)ဦးတို့အား မန်ကန်မြို့တွင်း‌ကျောင်းများတွင် သွားရောက်၍ ထိုးနှံပေးခဲ့ပြီးမထိုးနှံ‌မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဓာတ်မတည့်သည့်ဆေး ရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိ မေးမြန်းပြီးမှသာ မန်ကန်မြို့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ မန်ကန်မြို့အထကကျောင်းတွင်  ပညာသင်ကြားနေသော ကလေးငယ်များအား ကလေးဝမ်းဗိုက်အတွင်းရှိ သန်ကောင်များကြောင့် ဗိုက်နာခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သိပ်များလာပါက အူပိတ်ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်းမှ ကာကွယ်ရန်အတွက် ကျန်းမာရေးဌာနမှ ယနေ့နံနက်ပိုင်းက (Albendazole 400 mg) သန်ချဆေးများ တိုက်ကျွေးခဲ့‌ကြောင်း သိရသည်။

မန်ကန်(ပြန်/ဆက်)