ချမ်းအေးသာစံ သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် မှတ်တမ်းဗွီဒီယိုအားပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများမှ အသက် ၅ နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အနုအာဟာရဆေးပြားများပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစန်းအောင်တို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက် ရေးကြီးကြပ်မှုကော်မတီ၊ အမျိုးသမီးရေးရာနှင့် ကြက်ခြေနီတို့မှတာဝန်ရှိသူများ၊ အသက် ၅ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များတက်ရောက်ခဲ့ကြပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်ကိုလည်းကောင်း၊ ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ကိုလည်းကောင်း၊ အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်